Friday, August 1, 2008

“ချစ်သောဂူးရာ”


(၁)

သူတို့ အခေါ်တော့ ကာပြင်ညီစာပေါ့၊အနီရောင်ဆေးရည်တွေ ခန္ဒာကိုယ်အနှံ့စီးဝင်နေတယ်။ဒရင်းဘတ် ပေါ်မှာသက်တောင့်သက်သာနေရတယ်ဆိုပေမယ့်
ဆေးတစ်ပုလင်းလုံးကုန်သွားအောင် ငြိမ်သက်နေရတာ ကျွန်တော့်အတွက်တော့ အိပ်မက်ရှည်တစ်ခု(дленный сон)မက်နေရသလိုပါဘဲ။ကျွန်တော့်ဘေးမှာ
နောက်ထပ် ဒရင်းဘတ်လေးတစ်ခုရှိတယ်။အဲ့ဒီဒရင်းဘတ်လေးပေါ်ကို ကျွန်တော့်မျက်လုံးတွေမရောက်မိအောင်ထိန်းနေရတာ ပင်ပန်းလှပါတယ်။ဒီလိုနဲ့လှပတဲ့ သူမရဲ့
မျက်ဝန်းနက်နက်လေးတွေကို ရှောင်ဖယ်ယင်း သူနဲ့ကျွန်တော် ဆုံဆည်းခဲ့ကြတယ်....

(၂)

ဒီနေ့တင်းနစ်ရိုက်ရတာခါတိုင်းနေ့တွေထက် လန်းဆန်းတက်ကြွနေမိတယ်။မြင်ရခဲတဲ့ သူမရဲ့အပြုံးလေးတွေအောက်မှာ တစ်ခါတစ်ခါ ကျွန်တော့်လက်ထဲက
ရော့ကဒ်နဲ့ တင်းနစ်ဘောလုံးလေးမထိချင်တော့။
`ကြည့်လည်းငေးဦး´
အန်ဒရေ့ (Андрей)ကလှမ်းစသည်။ကျွန်တော်ပြုံးမိသည်။
`မတတ်နိုင်ဘူး သူငယ်ချင်းရေ ဒီနေ့ငါ့အတွက်လှပတဲ့နေ့လေးတစ်နေ့ဘဲ၊မင်းငါ့ကိုနိုင်မှာမဟုတ်ဘူး´
ကျွန်တော့်ပြောတော့ အန်ဒရေ့က ရယ်ယင်း
`အဲ့ဒီရောဂါက တီဘီရောဂါထက်ဆိုးလိမ့်မယ်...´

`ကျမလည်းကစားချင်လို့ရမလား၊ပညာသင်မလို့...´
ရုရှားလိုပြောတာဖြစ်ပေမယ့် ရှင်းရှင်းလေးနဲ့နားထောင်လို့ကောင်းသည်။
`ရပါတယ်´
တင်းနစ်ဘောလုံးလေး ဟိုဘက်ဒီဘက်ပြေးလွှားနေသလို ကျွန်တော့်စိတ်တွေလည်း ပြေးလွှားခုန်ပေါက်နေလေရဲ့။တစ်ခါတစ်ခါသူမရှုံးသွားတဲ့အခါ
ရှက်ပြုံးလေးနဲ့တုန့်ပြန်တတ်တယ်။

`တွေ့ရတာ ၀မ်းသာပါတယ်ဗျာ၊ကျွန်တော် နာမည် လွမ်းသုခပါ။လွယ်လွယ်ကူကူ လွမ်းလို့ခေါ်နိုင်ပါတယ်ဗျာ´

`ကျွန်မနာမည်ကတော့ ဂျွန်နေးပါ ခက်ယင် ဂူးရာ လို့ခေါ်နိုင်ပါတယ်...၊ကျွန်မလည်းတွေ့ရတာ အရမ်းဝမ်းသာပါတယ်ရှင်´
ဒီလိုနဲ့ တစ်ဦးရဲ့အသိမှာ တစ်ဦး ကမ္မည်းထိုးခဲ့ကြတယ်။


(၃)

ဆောင်းအကုန်နွေဦးရောက်ပြီဆိုသည်နှင့်သစ်ပင်တို့သည်အစိမ်းရောင်ရွက်သစ်များဖြင့်ဝေဆာနေတော့သည်။
အချို့ အပင်တို့သည် အဖြူရောင် အမှုန်လေးများအားမြေပြင်ပေါ်သို့ခါချနေသည်။အစပိုင်း၌လေအဝေ့တွင်ပါလာသော
ထိုအမှုန်လေးများသည်ကျွန်တော်အား များစွာအနှောက်အယှက်ပေးလေသည်။
`ဂူးရာ ၊ကျွန်တော်ကို ပု (пук)တွေကတော်တော်နှောက်ယှက်တယ်ဗျာ။´
`ကျွန်မတို့ဆီမှာအဲ့ဒါကို နွေနှင်းမှုန် (летный снег)လို့ခေါ်တယ် ကြည့်ပါလား နှင်းတွေဝေနေသလိုဘဲ ´
သူမပြောမှကျွန်တော်သတိပြုမိသည်။အဲ့ဒီနောက်ပိုင်းတော့ ကျွန်တော်နွေနှင်းမှုန်တွေကြားမှာနေတတ်လာသည်။
`လွမ်း...ရှင်ကဒီမှာ အလုပ်လုပ်တာလား၊ပညာသင်နေတာလား။´
`ကျွန်တော် ပညာသင်နေတာပါ၊ မော်စကိုတက္ကသိုလ် ရူပဗေဒ ပထမနှစ်ပါ ´
`ရှင့်အမျိုးသမီးကရော ဒီမှာဘဲလား´
`လုပ်ပြီဗျာ ကျွန်တော် အိမ်ထောင်မပြုရသေးပါဘူး ဂူးရာ´

`ဟောတော့ ကျွန်မကမသိပါဘူး...လွမ်းရဲ့လက်မှာစွပ်ထားတဲ့လက်စွပ်ကိုမြင်မိလို့ပါ။´
`ဒီလက်စွပ်က သူငယ်ချင်းတစ်ယောက်ပေးထားတာပါ လွမ်းဒီလက်စွပ်လေးကို မြတ်နိုးတယ် ရွှေမဟုတ်ပေမယ့် ဒီလက်စွပ်လေးဝတ်ထားယင်
လွမ်းဘ၀ဘယ်လိုကြမ်းခဲ့လဲ ...လွမ်းဘယ်ကလာလဲ ဆိုတာ အမြဲ အမှတ်ရစေတယ်´

`ဖြစ်တတ်ပါတယ်ရှင်...ဘ၀ဆိုတာအခက်အခဲတွေရှိမှ ၊ကြမ်းတမ်းမူ့တွေရှိမှ ပျော်စရာကောင်းတာ...အရည်အချင်းရှိတဲ့သူ က ဘယ်နေရာရောက်
ရောက်။ဘယ်လိုအခြေအနေမျိုးဘဲ ကြုံကြုံ အမြဲတမ်းအောင်မြင်နေမှာပါ´
ဘယ်သူနဲ့မှမတူသောသူမ ရဲ့အားပေးစကားလေးက ရင်ထဲ ကိုစူးနစ်စေသည်။

(၄)

`လွမ်း ...မင်းရောဂါအခြေအနေသက်သာရဲ့လား´
`ဟုတ်ကဲ့ သက်သာပါတယ်ခင်ဗျ´
`ဆေးတွေက တော့နည်းနည်းပြင်းတယ်၊အစပိုင်းတော့ မင်း ခေါင်းမူးတာတို့ ၊အားနည်းတာတို့ဖြစ်လိမ့်မယ်
နောက်ပိုင်း ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်´
`ဟုတ်ကဲ့ ကျွန်တော်ကို ဂရုစိုက်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ...ကျွန်တော် ဒီမှာဘယ်နှစ်လ လောက်ကြာမယ်ဆိုတာ သိပါရစေ´
`အဲ့ဒါ အတိအကျတော့ပြောလို့မရဘူးကွ ...မင်းရဲ့ရောဂါအခြေအနေတိုးတက်မူ့ပေါ်မှာမူတည်ပါတယ်။အနည်းဆုံးတော့မင်းဒီမှာ
ခြောက်လလောက်နေရလိမ့်မယ်...။´
နေ့တိုင်း မနက်(၁၀)နာရီဆို ဆရာဝန်များကသက်ဆိုင်ရာ လူနာတွေရဲ့အခြေအနေကိုလိုက်လံစစ်ဆေးရတယ်။ခုလည်း ဆရာဝန်လာစစ်ဆေးတုန်း
ကျွန်တော်သိလိုသည့်အကြောင်းအရာများအားမေးမြန်းမိသည်...။အနည်းဆုံးခြောက်လလောက်ကြာမယ်ဆိုယင်တော့ ဒီဆေးရုံကြီးမှာ ပျင်းနေအောင်
တော့နေရပေဦးမည်...၊ကျွန်တော့် မှာ စိတ်ဓာတ်ကျတာတို့ အားငယ်တာတို့တော့မရှိပါဘူး ။ဒါပေမယ့် အထီးကျန်ဆန်တဲ့ဘ၀ကိုတော့ ကျွန်တော်
မုန်းတယ်...။ဘယ်ကနေဘယ်လိုရလာမှန်းမသိတဲ့ ဒီတီဘီရောဂါ ကြောင့် ကျွန်တော်ရုရှားနိုင်ငံ ရဲ့တီဘီအထူးကုဆေးရုံကြီးပေါ်ကို ရောက်ရှိခဲ့ခြင်းပါ။
ကျွန်တော်ဆိုတာက ရုရှားသို့ပညာသင်စေလွှတ်ခြင်းခံရတဲ့ မြန်မာအရာရှိငယ်တစ်ယောက်ပါ...။စစ်သားတစ်ယောက်ဖြစ်ပေမယ့် နာမည်နဲ့လိုက်အောင် အလွမ်း
အဆွေးဒာဓာတ်ခံကောင်းတယ်လိုပြောလို့ရပါတယ်...။


(၅)


`ကဲ သူငယ်ချင်းတို့ ထတော့ ဟိုမှာ နံနက်စာက ငါတို့ ကိုစောင့်နေပြီ´
`ငါကနိုးနေပါပြီ စောသေးလို့ လှဲနေတာ ...ဟိုကောင် ဂျိမာ ကိုသာရအောင်နိုးပေတော့´
အန်ဒရေ့ က ဂျိမာအားမေးဆတ်ပြယင်း လှမ်းပြောသည်။
`ဟော...ဂျိမာနိုးလာပြီ ၊ကောင်းသောနံနက်ခင်းပါဂျိမာ ၊ခဏနေ နံနက်စာသွားစားဖို့ထတော့ ´
`၀ါး...ကောင်းသောနံနက်ခင်းပါ သူငယ်ချင်တို့ ´
အိပ်ရေးမ၀သေးသော ပုံစံဖြင့် အားလုံးကို နှုတ်ဆတ်ယင်း အားယူ၍ထလိုက်သည်။
ကျွန်တော် နေသောအခန်းလေးက (၃)ယောက်ခန်း။နိုင်ငံခြားသားဆိုလို့ ကျွန်တော်တစ်ယောက်ဘဲ ပါတယ်။အစပိုင်းတော့
ကျွန်တော့် အတွက်တော့အခက်အခဲ ရှိသည် နောက်တော့ ဖော်ဖော်ရွေရွေရှိသော သူငယ်ချင်းများကြောင့်ကျွန်တော် နေသားတစ်ကျဖြစ်လာ
သည်။နံနက်စာအတွက် စားသောက်ခန်းသို့ သွားယင်း လမ်း၌ တွေ့ဆုံသောသူငယ်ချင်းများအား နှုတ်ဆတ်ဖြစ်သည်။ကျွန်တော်တို့ ဆီမှာတစ်ဦးနှင့်တစ်ဦးတွေ့ဆုံ
ကြသည့်အခါ အများအားဖြင့်အပြုံးဖြင့်သာနှုတ်ခွန်းဆက်လေ့ရှိသည် ။ရုရှားနိုင်ငံ၌ ကောင်းသောနံနက်ခင်းပါ ၊ကောင်းသော ညနေခင်းပါခင်ဗျာ စသဖြင့်နှုတ်ဆတ်ကြသည်။

(၆)

`ကောင်းသောညနေခင်းပါ လွမ်း´
`ကောင်းသောညနေခင်းပါဂူးရာ...လမ်းလျှောက်ထွက်လာတာလား ´
`ဟုတ်တယ်လွမ်းရ လေကောင်းလေသန့်လေးဘာလေးရှူရအောင်လေ ...လွမ်းရောလမ်းလျှောက်ထွက်လာတာလား
အတော်ဘဲ စကားပြောဖော်ရတာပေါ့´
`ဟုတ်တယ်အခန်းထဲ မှာ နေရတာထက်စာယင် ပတ်ဝန်းကျင်အပြောင်းအလဲလေးဖြစ်တာပေါ့´
`လွမ်းရဲ့ ကျမ်းမာရေးအခြေအနေရော တိုးတက်မူ့ ရှိရဲ့လား´
`အယင်က ထက်စာယင်တော့ အများကြီးတိုးတက်မူ့ ရှိပါတယ် ...အယင်က ဆို လမ်းလည်းကောင်းကောင်းမလျှောက်နိုင်ဘူး
တင်းနစ်လည်း အကြာကြီးမရိုက်နိုင်ဘူး၊ဒါပေမယ့်ဗျာ ခုရက်ပိုင်းတွင်း ကျွန်တော် သောက်တဲ့ဆေးထဲ မှာအသစ်တစ်လုံးတိုးလာတယ်ဗျ၊
အဲ့ဒီဆေးသောက်မိယင် နှလုံးကို တော်တော်လေးထိတယ်ဗျ...။´
`ဟုတ်လား...ဒါဆို ဆရာဝန်ကို ချက်ချင်းပြောလေ...လွမ်းနဲ့မတည့်လို့ဖြစ်လိမ့်မယ်၊ဘယ်လိုဆေးမျိုးပါလိမ့် ပန်းရောင်လေးလား´
စိုးရိမ်မူ့ဖြင့် အလောတကြီးမေးလာသောဂူးရာကြောင့် ကျွန်တော်ရယ်ချင်နေမိသည်...၊
`ခုကျွန်တော်နဲ့အတူရှိနေတယ် ´
`လွမ်းက မသောက်ဘူးလား ပြပါဦး ဘယ်မှာလဲ ´
ဂူးရာ ရဲ့ မျက်ဝန်းနက်နက်လေးတွေကိုရင်ခုန်စွာ ကျွန်တော် စိုက်ကြည့်ယင်း နူးညံ့စွာပြောနေမိသည်။
`ကျွန်တော်ဘေးမှာလေ ဂူးရာ ...အဲ့ဒီဆေးလေးက ဝေးဝေးမှာ ရှိမနေပါဘူး´
ကျွန်တော့်မျက်ဝန်းထဲ မှအရိပ်လေးတစ်ခုအား သူမရှာလို့တွေသွားသည်။
`ကိုယ်က လွမ်းကို လူရိုးလေးလို့ထင်နေတာ´
`ဖြစ်တတ်ပါတယ် ဂူးရာ ၊ကမ္ဘာဦးတုန်းကလည်း ဧ၀ က အာဒံကို လူရိုးလေးလို့ ထင်ခဲ့တာဘဲလေ´
`အဟင်းဟင်း´
ရှက်တဲ့အခါ ခြေလှမ်းမြန်မြန်လှမ်းတတ်သောဂူးရာ ၏ရယ်သံလွှင်လွှင်လေးက ရင်ကိုအေးမြစေသည်။



(၇)


`အဲ့ဒီသီချင်းလေးရဲ့အဓိပ္မါယ်က အချစ်တွေက မျက်ဝန်းတွေကို တံခါးပေါက်အဖြစ်ဖန်ဆင်းပေးခဲ့ပြီး ရင်ခုန်ခြင်းတွေကို နူးညံ့စွာနဲ့ ၀င်ခွင့်ပြုခဲ့တယ်တဲ။့ငါရှိုက်လိုက်တဲ့ ၀င်သက်တိုင်းမင်းရဲ့
ရနံ့လေးတွေပါနေတယ်တဲ့၊ဒါတောင်မှ မင်းကမသိသေးဘူး၊ငါလိုချင်တဲ့အချစ်တွေကိုမြန်မြန်ပေးပါတဲ့လေ´
သီချင်းလေးက မြူးကြွနေသည် ၊သံစဉ်နှင့် ထပ်တူ လှပစွာ ကနေသော ဂူးရာ ၏လှုပ်ရှားမူ့တိုင်းသည် ကျွန်တော် အားအသက်ရှူမှားစေသည်။တစ်ချက်တစ်ချက် ကနေယင်းစွဲစွဲ ညို့ညို့
ကြည့်လိုက်သောအကြည့်တစ်ချက်သည် ကျွန်တော့်ရင်ကို ပရမ်းပတာဖြစ်စေသည်။
`ဂူးရာ မင်းကတဲ့ အခါ အရမ်းလှတယ် အရမ်းကြည့်လို့ကောင်းတယ် ´
`ကျေးဇူးတင်ပါတယ် လွမ်း ...ရှင်လည်းကလေ ...လာပါ အတူတူကမယ်´
သူမဖုန်းထဲမှ သီချင်းအသံကို အနည်းငယ်ချဲ့လိုက်ယင်း ကျွန်တော်အား အတူကရန် လှမ်းခေါ်သည် ။
`ကျွန်တော် သိပ်မကတတ်ဘူး ဂူးရာ´
`ကြိုးစားကြည့်လေ နောက်တော့ ကတတ်သွားလိမ့်မယ်´
ကျွန်တော်လည်းရှက်ကိုးရှက်ကန်းဖြင့် သူမနဲ့အတူတွဲကနေမိသည် .....၊ကျွန်တော်အတွက် ပထမဆုံးအကြိမ် ဖြစ်ပေမယ့် ပျော်စရာကောင်း
တာတော့သေချာသည်။
`ဒီသီချင်းလေးကို ကိုယ်အရမ်းကြိုက်တယ် ဂူးရာ ၊စာသားလေးတွေက နူးညံ့တယ် ´
`ရှင်နားထောင်ချင်ယင် ကျွန်မပေးမယ်လေ ...ရှင့် အမ်ပီသရီး ထဲ ထည့်ပြီးနားထောင်ပေါ့ ´
ကိုယ်မင်းကို သတိရတိုင်းနားထောင်ဖြစ်မှာပါ
ကျွန်တော် တိုးတိုးလေး အနားကပ်ပြောယင်း တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ခုန်နေသောရင်ကို အပြစ်တင်နေမိသည်။
`ဂူးရာ မနက်ဖြန် နံနက်စာစားပြီးယင် မင်းကိုယ်နဲ့ ဒီနားက ဈေးဆိုင်လေးကို ခဏလိုက်နိုင်မလားကိုယ်မင်းအကူအညီနည်းနည်းလိုလို့ ´
`လိုက်နိုင်ပါတယ် ရှင်ဘာဝယ်စရာရှိလို့လဲ´
ကျွန်တော် ပြုံးယင်း
`နောက်တော့ ကိုယ်ပြောမယ်လေနော်´
`ကောင်းပါပြီရှင်´

(၈)


`ဂူးရာ မင်းအခုဘယ်မှာလဲ ´
`လွမ်း ခဏလေးနော် ကျွန်မအ၀တ်လဲ လိုက်ဥိးမယ် နောက်၁၀မိနစ်နေယင် ကျွန်မ ဆင်းလာခဲ့မယ် ရှင်အောက်ကဘဲစောင့်နေနော်´
`ကောင်းပြီ ကိုယ်စောင့်နေမယ်ဂူးရာ ´
ကျွန်တော် ဖုန်းလေးကို ပိတ်ယင်းအောက်ထပ်သို့ဆင်းလာခဲ့သည် ။
ဒီနေ့ က ရုံးပိတ်ရက်ဆိုတော့ ဆေးရုံမှာ လူတွေရှင်းနေသည်။အိမ်ပြန်တဲ့လူတွေလည်းပြန်ကြသည် ကျွန်တော် နဲ့ဂူးရာက မိသားစုနဲ့ အဝေးမှာနေနေရသူချင်းမို့
ပို၍သံယောဇဉ်တွယ်မိသည် ။
`အဟဲ နည်းနည်းကြာသွားတယ် အလှပြင်နေတာနဲ့´
ကျွန်တော့်မျက်ဝန်းတွေသူမထံမှမခွာချင်လောက်အောင် သူမထံတွင် အလှတရားတို့ ပေါင်းစုနေလေရဲ့။
`ဂူးရာ ဒီနေ့ က ကိုယ့်အတွက် လှပတဲ့နေ့လေးတစ်နေ့ ဘဲ၊ပြီးတော့ မိန်းကလေးတစ်ယောက်နဲ့အတူလျှောက်လည်တာ ဒါပထမအကြိမ်ဘဲ
ကိုယ်တစ်ခါမှ ဒီလို မသွားဖူးဘူး´
`လွမ်း...ရှင့်မှာ ပထမအကြိမ်တွေတော်တော် များမယ်နဲ့တူတယ်နော် ၊ကျွန်မနဲ့တွဲ က တာလည်း ပထမအကြိမ်ဘဲ ဆို၊´
`ဟုတ်တယ် ဂူးရာ ကိုယ့်မှာ နောက်ထပ်ပထမ အကြိမ်တွေ အများကြီးရှိသေးတယ် ၊သိချင်ယင်ကိုယ်ပြောမယ်လေ
ကိုယ့် ကိုမင်းလက်လေးခဏပေးပါလား´

ကျွန်တော့်ကို ပြုံး၍ကြည့်ယင်းလက်လှမ်းပေးသည် ၊ကျွန်တော် သူမလက်လေးအားမြတ်မြတ်နိုးနိုးဖြင့်ငုံ့နမ်းယင်းပြောလိုက်သည်...၊
`အဲ့ဒါလည်း ပထမအကြိမ်ဘဲ ဂူးရာ ´
`ကျန်တာတော့ မသိဘူး ရှင်တော်တော်လည်တာတော့သိတယ်´သူမကျေနပ်စွာပြုံးယင်းကျွန်တော့်အားလှမ်းပြောသည်။
ကျွန်တော်ပြန်ပြော ဖို့ စကားလုံးတွေပျောက်ဆုံးနေသည် ။အတိုင်းမသိခုန်နေသောရင်ခုန်သံကို သူမကြားသွားပြီလား။ထိန်းချုပ်ရတာများလာ
တော့ ကျွန်တော် သိပ်မထိန်းချုပ်ချင်တော့ ကျွန်တော့် နှလုံးသားကို လွတ်လပ်ခွင့်ပေးလိုက်တော့မည် ။
`ဂူးရာ ကိုယ်တို့ ဘယ်သွားကြယင်ကောင်းမလဲ´
`ဟောတော့ လွမ်းရှင်လုပ်ပြီ.....ရှင်က ဖိတ်ခေါ်တဲ့သူလေ ´
လှလှပပ မျက်စောင်းလေးတစ်ခုကြောင့် ကျွန်တော် ပြုံးမိသည်။
`ဆာကောညီကီ ပန်းခြံကို အရင်သွားကြမယ်ပြီးယင် ရုပ်ရှင် သွားကြည့်ကြမယ် ...အိုကေ´
`အင်းကောင်းတယ် ရုပ်ရှင်မကြည့်တာလည်းကြာပြီသွားကြတာပေါ့´

(၉)

ရုံးပိတ်ရက်ဖြစ်၍ပန်းခြံထဲတွင် လူစည်ကားနေသည် ။
`ဂူးရာ ...ဒီပန်းခြံထဲ မှာကိုယ့်သူငယ်ချင်းတစ်ယောက်ရှိတယ် ၊ကိုယ် မင်းနဲ့ မိတ်ဆက်ပေးမယ်´
`အမ် ...ရှင့်သူငယ်ချင်း ဘယ်သူပါလိမ့် ၊သူက ပန်းခြံထဲမှာ စောင့်နေတာလား´
`ဟုတ်တယ်သူက ပန်းခြံထဲမှာ နေတာ တွေ့လားဟိုမှာ´
ကျွန်တော် ပန်းခြံထဲ မှ လီနင်ရုပ်ထုကြီးအားမေးဆတ် ပြ လိုက်သည်။
`လုပ်ပြီ ရှင်ကတော့´
`ဟုတ်တယ်ဂူးရာ ကျွန်တော်ခံစားချက်တွေကို သူသိတယ် သူနားလည်တယ်...
ကိုယ် သူ့ကိုမေးပြမယ် ကြည့်နေ´
`ကောင်းသောနံနက်ခင်းပါလီနင် ၊ကျွန်တော့် အတွေးထဲမှာကောင်မလေးတစ်ယောက်နှောက်ယှက်နေတယ်ဗျာ...၊
ညဘက်ဆိုလည်းသူ့အကြောင်းတွေးပြီးအိပ်လို့မပျော်ဘူးဖြစ်နေတယ်...၊အဲ့ဒီကောင်မလေးကဘယ်သူဖြစ်မလဲ ဆိုတာကျွန်တော့်ကိုပြောပြပါလား´

`သူကဘာပြောလဲ´
ကျွန်တော် မဖြေဘဲ အဓိပ္ပါယ်ပါပါ ပြုံးမိသည်။
`လာဂူးရာ ...ရေပန်းတွေရှိတဲ့ဆီသွားရအောင်´
ကျွန်တော် သူမလက်လေးအားဆွဲပြီးရေပန်းတွေရှိရာသို့လှမ်းလာမိသည်။
`ဂူးရာ မင်းဆီမှာ အကြွေစေ့ရှိလား ၁ရူဘယ်လေ ´
ကျွန်တော် အိပ်ကပ်ထဲမှ အကြွေစေ့လေးအားထုတ်ယင်းလှမ်းမေးလိုက်သည် ။
`ရှိတယ်လေ...လွမ်းဘာလုပ်မလို့လည်း´
ကိုယ်နဲ့ဂူးရာ အကြွေစေ့ချင်းလဲမယ်ပြီးယင် ဟိုးမှာတွေလားရေကန်အလယ်ကရေပန်းဆီကို ပစ်မယ် မပစ်ခင် ကိုယ်ပြောချင်တာကိုပြောရမယ်
အဲ့ဒီစကားလေးတစ်ခွန်းက အဲ့ဒီအကြွေစေ့လေးနဲ့အတူ ရေကန်ထဲမှာ ကမ္ဘာတည်သရွေ့ ကိန်းအောင်းနေလိမ့်မယ်။ကိုယ်အရင်လုပ်ပြမယ်ဂူးရာကြည့်နေ´

ဂူးရာ ကျွန်တော် ပြောသမျှကို ဂရုတစိုက်နားထောင်းယင်း ပြုံး၍ကြည့်နေသည် ။
ကျွန်တော် အကြွေစေ့လေးအား ကိုင်ယင်း သူမအနားသို့တိုးကပ်လိုက်သည်။နုနယ်လှပလွန်းသော မျက်နာပြင်ပေါ်ဝယ် ရှက်သွေးဖြာနေသည်...။ကမ္ဘာဦးကတည်းက ဖိုနဲ့မ
တစ်ဦးနဲ့တစ်ဦးနားလည်လာကြသည့် သဘာဝတရား၏လျို့ဝှက်ချက် တစ်ခုပင်တည်း။

`ဂူးရာ ...ကိုယ်အချစ်ဆိုတာဘာလဲ ကိုယ်မသိဘူး...ကိုယ်မင်းနဲ့တွေ့တဲ့ အချိန်တိုင်း...မင်းနဲ့အတူရှိနေတဲ့အခါတိုင်းမှာ ရင်ခုန်လှုပ်ရှားရတယ်
မင်းကိုယ့်အနားမှာ မရှိတဲ့အခါမှာလည်း မင်းကိုယ့်အတွေးထဲမှာ ရှိနေတယ်...။ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ကိုယ်မတွေးချင်ဘူး....ကိုယ့်အနားမှာ မင်းကို အမြဲ တမ်းရှိစေချင်တယ်
ကိုယ့်အတွက် ဒီထက်ပိုပြီးထိန်းချုပ်ထားဖို့ က မဖြစ်နိုင်တော့လို့ပါ´

`ဂူးရာ...ကိုယ်မင်းကိုချစ်တယ်´
ကျွန်တော် လက်ထဲမှ အကြွေစေ့လေးအား ရေကန်အလယ်သို့ပစ်လွှတ်လိုက်သည်...။

ရွှန်းလဲ့သောမျက်ဝန်းများဖြင့်ကျွန်တော့် အားစိုက်ကြည့်ယင်း
`လွမ်း...ရှင်အရမ်းစိတ်ကူးယဉ်ဆန်လွန်းတယ် လို့မထင်ဘူးလား´
`ကိုယ်သိပါတယ်ကိုယ်စိတ်ကူးယဉ်ဆန်တယ် ဒါပေမယ့် ခံစားချက်တွေကိုက ဒီအတိုင်းမွေးဖွားခွင့်ပေးထားတာပါ...´
`ကျွန်မရှင့်ကို အပြစ်ပြောတာမဟုတ်ပါဘူး တစ်ခါတစ်လေ ခံစားချက်တွေကို ပေါ့ပေါ့ပါးပါး နေခွင့်ပေးရတယ်...ရှင့်ကိုသာပြောတာပါ
စိတ်ကူးယဉ်ဆန်တယ်လို့ ...ကျွန်မလည်း ရူးသွပ်တာပါဘဲ...

`ကျွန်မလည်းရှင့်ကို ချစ်တယ်´
အကြွေစေ့လေးလေထဲ မြောက်တက်သွားပြီး ကန်ရေပြင်အလယ်ဆီသို့ ဦးတည်နေသည်...။
ပထမဆုံး ကျွန်တော့်ရင်ခွင်ထဲ သို့ရောက်လာသော ပထမဆုံးချစ်သူလေးအား တင်းကြပ်စွာဖက်ထားယင်း
`ဂူးရာ မင်းဘာလို့ မြန်မာနိုင်ငံမှာမမွေးဖွားရတာလဲ၊ကိုယ်ကရောဘာလို့ မင်းတို့နိုင်ငံမှာ မမွေးဖွားရတာလဲ ...။´
ကလေးငယ်တစ်ယောက်လို မကျေမနပ်ရေရွတ်နေတာ ကြည့်ယင်း ဂူးရာ ကျွန်တော်အားနားလည်စွာ အနားတိုး၍ခပ်ဖွဖွလေးနမ်းလိုက်သည်။

`မင်းမြန်မာတစ်ယောက်ဖြစ်လို့ ကိုယ်နဲ့တွေ့ရတာပေါ့၊မင်းသာ ပြင်သစ်လူမျိုးတစ်ယောက်ဆို ကိုယ်နဲ့တွေ့ချင်မှတွေ့ရမှာ´
`ခုလိုမောင့်ချစ်သူလေးနဲ့တွေ့ဆုံခွင့်ပေးတဲ့ကံကြမ္မာကို ကျေးဇူးတင်ပါတယ်´
`အမ် ...မင်းကိုယ့်ကိုဘယ်လိုပြောတာ...မောင်...ဟုတ်လား အဲ့ဒါဘာလဲ ဟင် ´
`သြော် အဲ့ဒါ ချစ်သူကောင်မလေးက ကောင်လေးကို အမြတ်တနိုးနဲ့ခေါ်တာလေ...အဲ့ဒီလိုခေါ်ယင်
ကောင်လေးက အရမ်းကြည်နူးရတယ် ...သူ့ ကိုအရမ်းချစ်ပါတယ်လို့ပြောနေသလိုဘဲ ...
ကိုယ့်ကို မောင်လို့ခေါ်မှာလား...´
`ခေါ်မှာပေါ့...မုန်´
`အဲ မုန်မဟုတ်ဘူးလေကွာ ....မောင်...´
`မောင်...မောင်...မောင် ´
`ဗျာ...ဗျာ ....ဗျာ ´
`ဟားဟားဟား´
`မောင်နဲ့နေရတာပျော်လား ဟင်´
`ပျော်တာပေါ့...ဂူးရာ တစ်ခါမှမတွေးဖူးဘူး တစ်သက်နဲ့တစ်ကိုယ်နိုင်ငံခြားသားတစ်ယောက်ကိုချစ်မိသွားလိမ့်မယ်လို့´
`မောင်လည်း အတူတူပါဘဲမောင့် အချစ်ရယ်ဘာဘဲ ပြောပြော မောင့်တို့နှစ်ယောက်ရဲ့အချစ်တွေကို ဟောဒီရေကန်ကြီးအောက်က အကြွေစေ့လေး
တွေက သက်သေအဖြစ်အမြဲ အသိအမှတ်ပြုနေမှာပါ´


(၁၀)

`ငါတို့များသနားဖို့ကောင်းလိုက်တာနော်...နှင်းဆီပန်းလှလှလေးတွေပေးမယ့်သူလည်းမရှိ´
`အေးဟာ သူများတွေများကံကောင်းလိုက်တာ´
နိုစီယာနဲ့ လဲယာ က အတိုင်အဖောက်ညီနေကြသည်...ဂူးရာ ကတော့ရှက်ပြုံးလေးပြုံးနေသည်။
`အဲ...နင်တို့ဘယ်လိုသိတာလဲ´
`အံမယ် ထွက်သွားတော့နှစ်ယောက်သား တိုးတိုးတိတ်တိတ်နဲ့ ပြန်လာတော့ ဂူးရာ လက်ထဲ မှာနှင်းဆီပန်း
တွေနဲ့မသိဘဲနေမလား´
`ဟုတ်ပ အဖြူရောင်လေးက အချစ်ရဲ့သင်္ကေတပေါ့လေ´
ကျွန်တော် တို့ပန်းခြံထဲ က ထွက်တော့ရာသီဥတုက ချက်ချင်းပြောင်းသွားသည်။
မိုးသည်းသည်းအောက်ဝယ် ချစ်သူနှစ်ဦးရုပ်ရှင်သွားမကြည့်ဖြစ်တော့ဘဲ ပန်းခြံ အနီးကဆိုင်တစ်ဆိုင်မှာ
မဒိုနင် ၀င်စားကြသည်...။နောက်တော့ ဆေးရုံသို့ပြန်လာခဲ့ကြသည် လမ်း၌ပန်းဆိုင်မှ နှင်းဆီဖြူ(၇) ပွင့်
ဝယ်၍ဂူးရာအား အမှတ်တရလက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။


“ချစ်သောဂူးရာ ”၏နောက်ဆက်တွဲဇာတ်သိမ်းကိုတင်ဆက်နိုင်
အောင် ကြိုးစားပါဦးမည်။
လွမ်းသုခ(ဗေဒါ-ခေတ္တဆေးရုံ)




No comments: